Tuesday, February 7, 2017

Parts of Speech (သို့မဟုတ်) စတင်ခြင်း

Parts of Speech (သို့မဟုတ်) စတင်ခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Speech တွေက ဘာတွေလဲ??? ဘယ်လိုလေ့လာရမလဲ???
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Speech ဆိုတာ (အင်္ဂလိပ်) ဘာသာစကားရဲ့ စကားလုံးတွေကို တူရာတူရာ အစုလိုက်ခွဲထားတဲ့ Groups တွေဆိုလိုတာပါ...အားလုံး(9)မျိုးရှိပါတယ်...
အဲဒါတွေက ဘာတွေလဲဆိုရင်...

** အင်္ဂလိပ်ဘာသာစကားထဲက ကြိုက်တဲ့စကားလုံးတစ်လုံးကို ရွေးထုတ်လိုက်ပါ ဒီ (9) မျိုးထဲက တစ်မျိုး ဖြစ်ကိုဖြစ်နေရပါမယ်...**

အဲဒီတော့ အင်္ဂလိပ်ဘာသာစကားက ဒီစကားလုံး (9) မျိုးနဲ့ တည်ဆောက်ထားတယ်ဆိုတာ မှတ်ရပါမယ်... အဲဒီ (9) မျိုးက ဘာတွေလဲဆိုတာရယ်... သူတို့တွေဘယ်နေရာမှာနေလဲဆိုတာတွေရယ်ကို သိမယ်ဆိုရင် အခြေခံပထမအဆင့်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ကိုသိတယ်လို့ သတ်မှတ်လို့ရပါပြီ....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အဲဒါတွေကတော့...
1. Noun
2. Pronoun
3. Adjective
4. Verb
5. Adverb
6. Preposition
••••••••••••••••••••
7. Conjunction
8. Interjection
9. Determiner (ဒါကနောက်ထပ်တိုးလာတဲ့တစ်ခုပါ)

## (6) မှာ တစ်ပိုင်းပိုင်းထားတာ အကြောင်းရှိပါတယ်##... ပြီးတော့ အာ... ဒါတွေက သင်ဖူးသားပဲ သိသားပဲဆိုတဲ့ အတွေးရောက်ပြီး မဖတ်တော့ဘူးဆိုရင်တော့ သဘောပေါ့ဗျာ.. Myanmar students တွေပြောပြောနေတဲ့ စာရတယ်ဆိုတာ အလွတ်ရွတ်ဆို ချရေးပြနိုင်တာကိုပြောတာပါ အဲဒီတော့ အလွတ်ရတာလား နားလည်တာလားဆိုတာကတော့ ကိုယ်ကိုယ်ကို အသိဆုံးပေါ့ဗျား...
**တစ်ကယ် နားလည်ရိုးမှန်ရင် Letter, Essay ကို ကိုယ်ပိုင်အတတ်ပညာနဲ့ရေးခဲ့ဖူးရမှာပါ... နှစ်နဲ့ချီပြီးသင်ခဲ့တဲ့ ပုံစံတူ Grammarတွေကို တက္ကသိုလ်ရောက်တဲ့အထိ သင်သမျှ အသစ်တစ်ခုလို လိုက်မှတ်နေစရာလည်း ဘယ်​လိုမလဲ​ဗျ... **😄
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
•••••••••••••••••••••••••••••••••••••••••••••••••••••••

1. NOUN ကိုစရှင်းပါမယ်... 
.......................................
Noun ကို မြန်မာသဒ္ဒါမှာ "နာမ်" (နာမ) လို့ပြောပါတယ် အဲလိုကြားလိုက်တာနဲ့ (#သက်ရှိ သက်မဲ့ ဒြပ်ရှိ ဒြပ်မဲ့တို့၏အမည်ဟူသမျှကို နာမ်ဟုခေါ်သည်#😃😃😃) ဆိုပြီး ကလေးကအစ ရွတ်ပြနိုင်ပါတယ် ဒါပေမယ့် .. လေ့လာကြည့်ရအောင်

## Noun ဆိုတာ (All names) နာမည်မှန်သမျှကို noun လို့ သတ်မှတ်ရပါမယ်...##

နာမည်အားလုံးက Noun ဆိုတာတော့ဟုတ်ပါပြီ ဒီထက်ရှင်းအောင်မှတ်ချင်ရင် အုပ်စုခွဲမှတ်ရပါမယ်...
(ဒီနေရာမှာ ဘာသာစကားသင်ယူသူတွေအတွက် ဘယ်လိုမှ အထောက်အကူမပြုတဲ့ အစုပြနာမ်တို့ စိတ္တဇနာမ်တို့ လိုဟာတွေကို ဖြုတ်လိုက်ပါတယ်)

အခုလိုGroup (4) ခု ခွဲမှတ်လိုက်ပါ...ကြိုက်​တဲ့ noun ကို​ပြော...
ဒီ Group (4) ခုထဲ တန်း​နေတာပဲခင်​​ဗျ...

# Noun ဆိုတာ...
(1) People -- (လူနာမည်နှစ်ခု သုံးခုထည့်လိုက်ပါ... ဗမာနာမည်တွေမသုံးပါနဲ့ ဘာသာစကားသင်တဲ့အခါ ထောက်နေလို့ပါ)
(2) Animals -- (တိရစ္ဆာန်နာမည် နှစ်ခုသုံးခုထည့်လိုက်ပါ)
(3) Things -- (book,pen,house,door,air,etc..ဒြပ်ရှိဒြပ်မဲ့ဆိုတာ things ထဲမှာပါသွားပါပြီ)
(4) - ခြင်း၊ - မှု နဲ့ဆုံးတဲ့စကားလုံးတွေ ( happiness, brightness, loneliness, etc..)

** Noun ဆိုတာ ဒီလေးမျိုးပဲရှိတာပါ **
••••••••••••••••••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••••••••••••••••••••••••••

2. # Pronoun - (နာမ်စား) >> ဒီတစ်ခု​ကိုကျော်ဖတ်လိုက်ပါ အားလုံးပြီးမှပြန်ဖတ်ပါ >>

အခြေခံအဆင့်မှာ 50% လောက်ကိုအရေးပါပါတယ်...

I, Me, My, Mine,... ဆိုတာကိုတော့ အားလုံးလောက်နီးနီး အလွတ်ရကြပါတယ် တစ်ကယ်လေ့လာပြီဆိုရင်တော့ ဒီလောက်နဲ့ မလုံလောက်သေးပါဘူး... မြန်မာ-အင်္ဂလိပ် / အင်္ဂလိပ်-မြန်မာ တန်းကနဲ ပြောနိုင်ရပါမယ်... ဥပမာ My ဆိုတာနဲ့ (ငါ့ရဲ့) ပြီးတော့ "သူတို့ကို" ဆိုတာနဲ့ (Them) ဆိုပြီး တန်းပြောနိုင်ရပါမယ်...

Speech (9) မျိုး စာရွက်ကို ဒီမှာ အရင် download ယူပါ... အဲဒီမှာ Pronoun  ဇယားကွက်ပါပါတယ်  https://drive.google.com/file/d/0B_tKvh5hX-jicGpLbjZUWUtfMDA/view?usp=docslist_api
ပြီးတာနဲ့ ဒီ post ထဲက ရှင်းပြထားတာတွေနဲ့ တွဲလေ့လာပါ...
စာရွက်ထဲက Pronoun ဇယားကွက်ကိုကြည့်ပါ... အားလုံး (5) ကွက်ရှိပေမယ့် မလိုအပ်သေးလို့ တစ်ကွက်ဖြုတ်ထားပါတယ် ဒါတောင်မှ တစ်ကယ် ဦးစားပေးလေ့လာရမှာက ရှေ့ဆုံး (3) ကွက်တည်းပါ...

မှတ်တဲ့နည်းပြောပါမယ်... ပထမဦးဆုံး (I, me, my, mine,) (We, us, our, ours) ဆိုပြီး အားလုံးအလွတ်ရအောင်အရင်မှတ်ပါ... ပြီးတာနဲ့ အစဉ်လိုက်ချရေးပါ.. နည်းနည်းလေး ထစ်တာနဲ့ နောက်ထပ် ထပ်ရေးပါ..

အထစ်အငေါ့မရှိ ချရေးနိုင်ပြီဆိုရင် ရှေ့ဆုံးကွက်ကဟာတွေက Subject, (-က) လို့ဘာသာပြန်ရမယ် ထည့်မပြန်လည်းရတယ်... ဒုတိယအကွက်က Object (-ကို) လို့ဘာသာပြန်ရမယ်၊ တတိယအကွက်က Adjective (-ရဲ့) လို့ဘာသာပြန်ရမယ်၊ နောက်ဆုံးကွက်ကိုတော့ မမှတ်လည်းရတယ်... စာသံပေသံပေါက်တဲ့ စကားလုံးတွေ လုံးဝ မသုံးမိဖို့လိုပါတယ်.. ဥပမာ . တတိယကွက်က စကားလုံးတွေကို စာမှာ (၏) လို့ပေးထားပါတယ် မမှတ်ပါနဲ့ စကားနဲ့ပဲမှတ်ရမှာပါ စကားပြောရင် (ကျွန်ုပ်၏) လို့ဘယ်သူမှမပြောပါဘူး (ငါ့ရဲ့) လို့ပဲပြောကြတာပါ...အဲဒါတွေရပြီဆိုရင် ရှေ့ဆုံးကွက်က စကားလုံးတွေကို အဓိပ္ပါယ်နဲ့တကွ တွဲမှတ်ပါ...ချရေးပါ... ကိုယ်သဘောနဲ့ကိုယ် စကားလုံးအပြောင်းအလဲမလုပ်ပါနဲ့.. ဥပမာ မြန်မာစကားမှာ မရှိတဲ့ (သူမ) ဆိုတဲ့စကားလုံးကို လုံးဝ လုံးဝ မသုံးမိပါစေနဲ့... ဘယ်သူမှ ငါ သူမ ကို တွေ့ခဲ့တယ်မပြောပါဘူး (She) ဆိုတာနဲ့ အထီး မဟုတ်မှန်း သိပြီးသားပါ...

ဘာသာပြန်တာတွေမှတ်ပြီးရင် စဉ်းစားကြည့်ရအောင်... Their ဆိုတဲ့ စကားလုံးကိုတွေ့ရင် သူဘယ်အကွက်မှာလဲ စဉ်းစားပါ They, them, their ဆိုတော့ တတိယကွက်မှာရှိပါတယ် တတိယကွက်ကို (ရဲ့) လို့ဘာသာပြန်ပါတယ် They က (သူတို့) ဆိုတော့ တတိယကွက်ကိုရောက်သွားရင် (ရဲ့) ထည့်ပေးလိုက်ယုံပါပဲ အဲဒီတော့ သူတို့ရဲ့လို့ တန်းသိနိုင်ပါတယ်.. အဲလို မြန်မာ-အင်္ဂလိပ် / အင်္ဂလိပ်-မြန်မာ နှစ်မျိုးနဲ့ လုပ်ပေးထားတဲ့ လေ့ကျင့်ခန်းစာရွက်ကို ဒီမှာယူပါ.. တစ်ခြားလေ့ကျင့်ခန်းတွေကို ဖြေကြည့်တာမျိုးမလုပ်ပါနဲ့ သူတို့နဲ့ ဆိုင်ရာဆိုင်ရာ သင်ခန်းစာတွေပြီးမှ လုပ်ရမှာပါ....
https://drive.google.com/file/d/0B_tKvh5hX-jiUU0tbmk1eHBXLXc/view?usp=docslist_api အဲဒီထဲမှာ စကားလုံးတွေရဲ့ဘေးမှာ (obj) လို့ပေးထားရင် ဒုတိယအကွက်ကဟာကိုမေးတာပါ (adj) ဆိုရင် တတိယကွက်ကဟာ၊ (m) ဆိုရင် အထီး(f) ဆိုရင် အမ ... ဥပမာ ... သူ့ရဲ့ (m) ဆိုရင် အထီးအနေနဲ့ (his) ကိုဖြေရမှာပါ (f) ဆိုရင် အမ ဖြစ်တဲ့ (her) ကိုဖြေရမှာပါ.... ဒီလေ့ကျင့်ခန်းတွေက Speech (9) ခုလုံးဖတ်ပြီးမှ လုပ်လည်းရပါတယ်... တစ်လုံးမှားတာနဲ့ ပြန်ဖြေပါ...
••••••••••••••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••••••••••••••••••••••

3. # Adjective (နာမဝိသေသန)
..................................................

အတွေးတွေအများကြီးစိုက်ထည့်ရမယ့် တစ်ခုပါပဲ... သာမန်အနေနဲ့သင်လို့မဖြစ်တဲ့တစ်ခုပါ သာမန်သင်ခဲ့ကြလို့ နောက်ပိုင်းအခက်တွေ့ကြတာပါ... adj က အင်္ဂလိပ်ဘာသာစကားမှာ တာဝန်နှစ်ခုယူထားပါတယ် အခြေခံပထမအဆင့်မှာတော့ တစ်ခုကိုပဲ ပယ်ပယ်နယ်နယ် သိအောင်အရင်လုပ်ရပါမယ်... သူက သူ့ရဲ့ အဓိပ္ပါယ်အတိုင်း နာမ (နာမ်) ကို ဝိသေသန (အထူးပြုတယ်) လို့ သိကြ သင်ကြပါတယ် နာမဝိသေသန လို့ တစ်လုံးတည်းပြောပြီး (သော) နဲ့ ဆုံးတယ်လို့ သင်ကြတာများပါတယ်... ကဲ အသင်ခံခဲ့ရတုန်းက (အထူးပြု)ဆိုတဲ့စကားလုံးကို နားလည်ခဲ့ကြပါသလား နားလည်ခဲ့ရင်တောင် တိတိကျကျလား ဒါတော့ ကိုယ်တိုင်ပဲသိနိုင်ကြမှာပါ... အင်္ဂလိပ်မှာလည်း An adjective modifies a noun. လို့ပြောပါတယ် modify ကို မြန်မာ dictionary မှဲာကြည့်ရင်လည်း (အထူးပြုသည်) လို့ပဲပြောထားတာပါ... သင်ယူခဲ့ရတဲ့ အရွယ်မှာ အဲဒီ အထူးပြုဆိုတဲ့ စကားလုံးက မရှင်းပဲ ပိုရှုပ်စေပါတယ်... ရှင်းအောင်လေ့လာကြည့်ကြရအောင်...

အထူးပြုရဲ့ အဓိပ္ပါယ်ကဘာလဲ?? ဘာလို့ noun ကို အထူးပြုရပါသလဲ?? Noun ဘက်ကိုပြန်လှည့်ရမှာပါ ဒါကြောင့် noun က အရှုပ်အထွေးဖြစ်စေတယ်လို့ ပြောခဲ့တာပါ... ဘယ်ဘာသာစကားမှာမဆို noun ဆိုတဲ့ အရာတွေဟာ စတင် အသုံးပြုကတည်းက တစ်လုံးတည်းပဲရှိတာပါ... (အသံထွက်အရေအတွက်မဟုတ်ပါ)... ဥပမာပြောရရင် အိမ်၊ ကျောင်း၊ လူ၊ ခွေး၊ စာအုပ်၊.... စသဖြင့်ပေါ့ဗျာ... အဲဒီတော့ လူတွေကို တိုက်ရိုက် ပေးထားတဲ့ နာမည်တွေ Mary တို့ John တို့ အဲလိုတွေကလွဲရင် မသဲကွဲတဲ့သဘောရှိပါတယ် (ကား) ဆိုရင် ကိုယ့်အိမ်က ကားကိုမှ ကားလို့ခေါ်တာမဟုတ်ဘူး တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘယ်ကားမဆို ကားလို့ခေါ်တာပါပဲ အများနဲ့ဆိုင်နေတယ် မတိကျဘူး...

လူတွေအများကြီးကြားထဲမှာ လမ်းလျှောက်နေရင်းနဲ့ ကိုယ့်သူငယ်ချင်းကို ဟေ့ကောင် လူ ကိုကြည့်လိုက်စမ်းဆိုရင် လူတွေအများကြီးထဲက ဘယ်လူကိုကြည့်ရမလဲမသိနိုင်ပါဘူး... ဘာဖြစ်လို့လဲဆိုတော့ noun ကို တစ်လုံးတည်းပြောလိုက်လို့ပါ မရေရာတဲ့သဘောပါ... အဲဒီနေရာမှာ ဟို အရပ်ရှည်ရှည်နဲ့လူကို ကြည့်လိုက်စမ်း ဆိုရင်တော့ သူ့အနေနဲ့ ရအောင် ရှာဖွေကြည့်နိုင်သွားမှာပါ... ဒါ ကို အထူးပြုတယ် ခေါ်တာပါ။ အများသဘောသက်ရောက်နေတဲ့ noun တွေကို ထင်ရှားအောင် တစ်ခြားစကားလုံးတစ်လုံးရဲ့အကူအညီယူလိုက်တာကို အထူးပြုတယ်ခေါ်တာပါ အဲဒီအကူအညီကိုလည်း adj ကနေပဲ ယူရတာပါ ဒါကြောင့် adj ကို နာမဝိသေသန လို့ ခေါ်တာပါ....

နောက်ဥပမာတစ်ခုကြည့်ကြည့်ရအောင်... စာအုပ်တွေအများကြီးရှိနေတဲ့နေရာမှာ " ငါ့ကိုစာအုပ်ယူပေးစမ်းပါ " ဆိုရင်ဘယ်စာအုပ်ယူလို့ယူရမှန်းသိမှာမဟုတ်ပါဘူး...အဲဒီနေရာမှာ " ငါ့ကိုစာအုပ်အနီရောင်လေးယူပေးစမ်းပါ " ဆိုပြီးတော့ အနီရောင် ဆိုတဲ့ adj အကူအညီလေးယူပြီးပြောလိုက်ရင် တိတိကျကျကို ရွေးယူလာနိုင်မှာပါ...

** ဒါဆိုရင် adj က noun ကို အထူးပြုတာ ဘယ်လိုလဲဆိုတာ သိလောက်ပြီလို့ယူဆပါတယ်... ဘယ်နေရာကနေအထူးပြုမလဲ ဆိုတာကိုဆက်လေ့လာရအောင်...**
Adjective တွေက noun ကို အထူးပြုပြီဆိုရင် (before noun) အဲဒီ noun ရဲ့ အရှေ့ကနေအထူးပြုပါတယ်... ခြွင်းချက်ရှိပါတယ်...

**(ခြွင်းချက်ထည့်သင်မှ ပြည့်စုံတယ်ဆိုတဲ့ အယူအဆကို (RTM) စနစ်မှာ လုံးဝ ပယ်ထားပါတယ်... စဉ်းစားကြည့်ပါ... ခြွင်းချက်ဟာ အများသဘော မဟုတ်ပါဘူး ရာခိုင်​နှုန်းနည်းတဲ့ အဓိပ္ပါယ်ပါ အဲဒါကိုထည့်သင်လိုက်ရင် ပုံသေနည်းဆိုတာကို ဖျက်ဆီးသွားမှာပါ ပုံသေနည်းကို အားမကိုးရရင် ယုံကြည်မှု ဆိုတာ မဖြစ်လာနိုင်တော့ပါဘူး သံသယတွေနဲ့ တွန့်ဆုတ်သွားမှာပါ... အဲဒီတော့ မှန်နိုင်ခြေများတဲ့ ပုံသေနည်းတွေကို အရင်လေ့လာပြီးမှ ခြွင်းချက်ကိုဖြည့်ရမှာပါ... တစ်ကယ်နားလည်သွားတဲ့ အခါမှာ ခြွင်းချက်ဆိုတာ မဖြည့်ရင်တောင် သူ့အလိုလိုပြည့်လာတတ်ပါတယ်...)**

## အဲဒီတော့ ချုံ့ပြီးမှတ်ရင်.. adj က noun ကို လိုအပ်လာရင် အထောက်အပံ့ပေးမယ်(အထူးပြု)... အဲလိုပေးတဲ့အခါ noun ရဲ့ ရှေ့မှာနေမယ် ##

eg. white board ဆိုရင် white က (adj) board က (noun), easy question မှာ easy က (adj) question က (noun)
Link ပေးထားတဲ့စာရွက်ထဲမှာ အသုံးများတဲ့ adj တွေကို အက္ခရာ အလိုက်စီပြီးပေးထားပါတယ်။
•••••••••••••••••••••••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••••••••••••••••••••••••••••

4. Verb (ကြိယာ)
...........................

ဝါကျတစ်ကြောင်းမှာအရေးအကြီးဆုံးတစ်ခုပါ...အဓိပ္ပါယ်ဘာလဲဆိုတာ မြန်မာသဒ္ဒါမှာပေးထားတာကိုဖတ်ကြည့်ရင်ရှင်းရှင်းလင်းလင်းသိဖို့ခက်ပါတယ်... ဘာသာစကားတိုင်းမှာ verb က အဓိကကျပါတယ်... အဲဒီတော့ သိလွယ်အောင် အမြဲပြောနေကျ ဗမာစကားရဲ့ verb ကိုအရင်လေ့လာကြည့်ပါ... ဗမာစကားမှာ verb က အမြဲတမ်း နောက်ဆုံးမှာရှိပါတယ်... "ငါသတင်းစာ ဝယ်ခဲ့တယ်" ဆိုတဲ့စကားမှာ (ဝယ်ခဲ့တယ်) က verb ပါ... "ငါ့ညီစာမေးပွဲအောင်သွားပြီ" ဆိုရင် (အောင်သွားပြီ) က verb ပါ... "မနက်ကျရင် သူမင်းကို စောင့်နေလိမ့်မယ်" ဆိုရင် (စောင့်နေလိမ့်မယ်) က verb ပါ... ဝါကျဖွဲ့တဲ့ လေ့ကျင့်ခန်းကိုရောက်တော့မှ အင်္ဂလိပ် verb ကို ဘယ်လိုသုံးတယ် ဘယ်မှာနေတယ်ဆိုတာ လေ့လာရပါမယ်... Link ပေးထားတဲ့စာရွက်ထဲမှာ အသုံးများတဲ့ verb တွေထည့်ပေးထားပါတယ်...အကြမ်းဖျင်း ကျက်မှတ်ထားပါ...
•••••••••••••••••••••••••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••••••••••••••••••••••••••••••

5. Adverb (ကြိယာဝိသေသန) ကြိယာဆိုတဲ့ verb ကိုအထူးပြုမယ်ပေါ့
...............................................

** "- စွာ" နဲ့ဆုံးရင် adv ဆိုပြီးတော့ မလုပ်ပါနဲ့ အခက်တွေ့သွားပါလိမ့်မယ်**

Adjective  နဲ့ Adverb ကို modifier လို့ခေါ်ကြပါတယ် အထူးပြုပေးသူများပေါ့ အထူးပြုတယ်ဆိုတာ ထင်ရှားရှင်းလင်းအောင် ထောက်ပံ့ကူညီပေးတာပါ... adj က noun ကို ရှင်းလင်းအောင်လုပ်ပေးတယ်... adv က verb ကိုရှင်းလင်းအောင်လုပ်ပေးတယ်... Adjective က noun ရဲ့အရှေ့ဘက်ကနေတယ်... Adverb က verb ရဲ့ အနောက်ဘက်ကနေ အထူးပြုတာများတယ် (အရှေ့မှာလည်းနေတတ်တယ်)...

** Adv က verb ကို(ဘယ်လို) ဆိုတဲ့အဓိပ္ပါယ်နဲ့ အထူးပြုပေးတယ်... Adverb ထည့်ပြောလိုက်တဲ့စကားဆိုရင် ကြားလိုက်ရတဲ့သူက "ဘယ်လို" ဆိုတဲ့မေးခွန်းမေးစရာမလိုတော့ဘူး... ဥပမာ - အိပ်ပျော်တယ် ဆိုတာက verb ဘယ်လိုအိပ်ပျော်တာလဲဆိုတာကိုသိစေချင်ရင် Adv ထည့်လိုက်တယ်...
"ငါညက အိပ်ပျော်တယ်" "ငါညက နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်ပျော်တယ်"
အဲဒီမှာ (နှစ်​နှစ်​ခြိုက်​ခြိုက်​) က adv ပါ ဗမာစကားမှာ verb ရဲ့အရှေ့ရောက်နေပေမယ့် အင်္ဂလိပ်လိုဆိုရင်တော့ verb ရဲ့ အနောက်မှာသုံးပါတယ်...စာသံပေသံဆိုရင်တော့ (နှစ်ခြိုက်စွာ) ပေါ့ဗျာ... ဒါပေမယ့်ဘာသာစကားသင်ယူနေတုန်းမှာတော့ နေ့စဉ်ကြုံတွေ့နေရတဲ့"စကား" ပုံစံနဲ့သင်ယူတာက အထိရောက်ဆုံးပါ..

"She speaks slowly." အဲဒီမှာ slowly က adv ပါ... verb ရဲ့ အနောက်ကနေအထူးပြုပေးပါတယ်... စကားကို ဘယ်လို ပြောတာလဲဆိုတာပေါ်လွင်အောင်သုံးပေးတာပါ... "She close the door." သူတံခါးပိတ်လိုက်တယ်... ဘယ်လိုပိတ်လိုက်တာလဲ... (ဖြေးဖြေးလေး) "She closed the door (gently)."

စာမှာသုံးတဲ့ (- စွာ ) က စကားအဖြစ်ပြောရင် နှစ်လုံးထပ်ပြီး ပြောတာများပါတယ်... ပြင်းထန်စွာ ဆိုရင် ပြင်းပြင်းထန်ထန်... ခါးသီးစွာဆိုရင် ခါးခါးသီးသီး အဲလိုတွေဖြစ်သွားပါတယ်...
Link ပေးထားတဲ့စာရွက်ထဲမှာ adv နဲ့ပက်သက်တဲ့ ဥပမာတွေပေးထားပါတယ်...

## ချုံ့ပြီးမှတ်ရင် adv က verb ကို (ဘယ်လို) ဆိုတဲ့ အဓိပ္ပါယ်လေးပါအောင် ထည့်ပေးတယ်... verb ရဲ့ အနောက်မှာနေတာများတယ် ##
••••••••••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••••••••••••••••••

6. Preposition (ဝိဘတ်)
........................................

စကားပြောကြတဲ့အခါမှာ အချိန်နဲ့နေရာဆိုတာ ပါလာတတ်ပါတယ်... လုံးဝမသုံးပဲနဲ့ပြောဆိုဖို့ဆိုတာမဖြစ်နိုင်ပါဘူး... တွေ့ဆုံဖို့ချိန်းကြတဲ့အခါမှာ အချိန်နဲ့နေရာကို မသုံးလို့မရတော့ပါဘူး...
အဲဒီအချိန်နဲ့နေရာအကြောင်းကို အင်္ဂလိပ်လိုပြောရတော့မယ်ဆိုရင် preposition မသုံးပဲနဲ့မရပါဘူး...

## ဒါကြောင့် Preposition ကို အချိန်နဲ့နေရာအကြောင်း ပြောတဲ့နေရာမှာသုံးတယ် လို့မှတ်ရပါမယ် ##

## အဲဒီ အချိန်၊နေရာ စကားစုရဲ့ ရှေ့ဆုံးကနေ ဦးဆောင်တယ် ##
ဥပမာ - ခြံထဲမှာ = in the yard, စားပွဲပေါ်မှာ = on the table

အသုံးများတဲ့ preposition တွေကို စာရွက်ထဲမှာ ပေးထားပါတယ်...
•••••••••••••••••••••••••••••••••••••••

## ဒီ (6) မျိုးကို အရင်ဆုံး ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်ရပါမယ်... ကျန်တဲ့ (3) မျိုးကတော့ အကြမ်းဖျင်း မှတ်ထားရင် အခြေခံအဆင့်အတွက် စိုပြေသွားပါပြီ...
•••••••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••••••••••••

7. Conjunction (စကားဆက်)
...............................................

သူ့ရဲ့ အဓိပ္ပါယ်အတိုင်းပါပဲ... စကားလုံးတစ်လုံးချင်း၊ ဝါကျတစ်ကြောင်းချင်းကို ဆက်ပေးတာပါ...
## and, so, but,... အဲလိုစကားလုံးတွေပါ ##

ဥပမာ - TV and DVD, She and I, ... I will stay home and study my lessons.
•••••••••••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••••••••••••••

8. Interjection (အာမေဋိတ်)
............................................

## ဝမ်းသာလို့ ကြောက်လို့ အသည်းယားလို့ ... ဘာကြောင့်ပဲဖြစ်ဖြစ် ပါးစပ်က လွှတ်ခနဲထွက်သွားတဲ့ အသံတွေကို ပြောတာပါ ##
Oh! What the hell...! Oh my goodness! Oh my God!
••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••••••••••

9. Determiner
.............................................

## Determiner ဆိုတာ adjective တစ်မျိုးပါ adjective ဆိုမှ​တော့ noun ကို modify လုပ်​လို့ရပြီ​ပေါ့ ##

Noun ဆိုတာ တစ်လုံးတည်းပဲသုံးမိလိုက်​ရင်​ မ​ရေမရာဖြစ်​​နေတတ်​ပါတယ်​... အဲဒါကို ထင်ရှားအောင်လုပ်ပေးတဲ့ ဘယ်စကားလုံးမဆို adj လို့သတ်မှတ်ရပါမယ်...

ဥပမာ - car ဆိုရင် noun တစ်လုံးတည်းပါ.. old car ဆိုရင်တော့ အကူအညီယူထားပြီးပါပြီ ကားအဟောင်းပေါ့... အဲဒီတော့ old က noun ကို အထူးပြုပေးထားလို့ adj လို့သတ်မှတ်ရပါမယ်... adjective မှန်ရင်အဓိပ္ပါယ်​အားဖြင့်​ degree သုံးခု ရှိကိုရှိရပါမယ်... (old) က အဟောင်း ဆိုရင် ပိုဟောင်းတာနဲ့ အဟောင်းဆုံးဆိုတာရှိရမှာပါ... (new) သစ်တယ်ဆိုရင်လည်း ပိုသစ်တယ် နဲ့ အသစ်ဆုံးဆိုပြီး ရှိရမှာပါ...

နောက်ထပ်ဥပမာတစ်ခု - car ဆိုရင် တစ်လုံးတည်းသော noun... အဲဒါကို အရေအတွက်လေးနဲ့ အထူးပြုကြည့်မယ် a car... ဒါဆိုရင် အဲဒီ (a) က သူ့နောက်က noun ဖြစ်တဲ့ car ကို အဓိပ္ပါယ် ပံ့ပိုးပေးထားလို့ adj လို့သတ်မှတ်ရပါမယ်... ဒါဆိုရင် စဉ်းစားရမှာက degree သုံးခုရှိလားဆိုတာကိုပါ... (a) က one နဲ့ အဓိပ္ပါယ် အတူတူပဲဆိုတော့ (တစ်) လို့ အဓိပ္ပါယ်ရတာပေါ... အဲဒီတော့ ပို တစ်တယ် အတစ်ဆုံး လို့မှမရှိတာ အဲဒီတော့ degree သုံးခုမရှိဘူးပေါ့...

## noun ကို အထူးပြုပေးတဲ့ စကားလုံးတွေမှာ degree သုံးခုရှိရင် adjective လို့သတ်မှတ်ရမယ်... degree သုံးခုမရှိရင် determiner- adjective လို့သတ်မှတ်ရမယ် ##

** noun ကို အထူးပြုပေးပေမယ့် degree သုံးခု မရှိတဲ့ determiner adj တစ်ချို့ကို ကြည့်ကြည့်ပါ...**

(my) sister.... (an) orange.... (some) books.... (the) sun.... (two) chairs....
•••••••••••••••••••••••••••••••••
•••••••••••••••••••••••••••••••••
<< 2. Pronoun ကိုပြန်ဖတ်ပါ <<

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှတ်(၈၃/၈၄)၊ အခန်း(၅၀၂)၊ သုခမှတ်​တိုင်​၊ ရန်​ကုန်​အင်းစိန်​လမ်းမ၊ လှိုင်​မြို့နယ်​။
# ​ရွှေသရဖူ​ဆေးဆိုင်​ အ​ပေါ်ထပ်​ (၅) လွှာ #
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
G.L.C ကသင်​တန်း​တွေနဲ့ပက်​သက်​ပြီး အ​သေးစိတ်​သိလိုပါက
09 30 254 294
09 4210 97 439
09 4211 31 893 နံပါတ်​​တွေကို ​ခေါ်ဆို​မေးမြန်းနိုင်​ပါတယ်​...
Page ထဲမှာလည်း ဝင်​​ရောက်​ကြည့်​ရှုနိုင်​ပါတယ်​...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

No comments:

Post a Comment