Tuesday, October 15, 2019

37

The Simple Future

will / (be) going to + base form verb
အစောပိုင်းမှာ future နဲ့ပက်သက်ရင် will တစ်ခုတည်းကိုပဲ သုံးခိုင်းခဲ့တာပါ.. အခုအချိန်မှာတော့ grammar အင်အားတော်တော်လေးအားကောင်းလာပြီလို့ယူဆတဲ့အတွက် (be) going to ကိုပါထည့်စဉ်းစားဖို့အချိန်ရောက်ပါပြီ..
future မှာ will ဒါမှမဟုတ် (be) going to တစ်ခုခုကို မှန်မှန်ကန်ကန်ရွေးပြီးသုံးတတ်ရင် ကိုယ်ပြောချင်တဲ့စကားတွေက ပိုပြီးရှင်းလင်းပြတ်သားမှာဖြစ်ပါတယ်.. အဲဒီနှစ်ခုကို အခြေအနေသုံးမျိုးပိုင်းပြီးလေ့လာပါမယ်..

will vs (be) going to

Situations
1. prediction
အနာဂတ်ကိုခန့်မှန်းပြောတာဆိုရင် will / (be) going to ကြိုက်တာသုံးလို့ရပါတယ်
She will pass the interview.
She is going to pass the interview.
It will rain soon.
It is going to rain soon.

2. prior plan
အနာဂတ်မှာလုပ်မယ့်ကိစ္စကို အရင်ကတည်းက စီစဉ်ထားပြီးသားဆိုရင် (be) going to ကိုပဲသုံးရပါတယ်
I am going to have a party on coming Sunday.
We are going to run a department store next week.

3. immediate decision (ချက်ချင်းဆုံးဖြတ် .. နဂိုက ဘာအစီအစဉ်မှမရှိ) (or)
willingness (စိတ်ပါလက်ပါရှိ)
အရင်က စီစဉ်ထားတာမျိုးမရှိပဲ တစ်ခုခုကို သိသိချင်း ကြားကြားချင်း မြင်မြင်ချင်း ချက်ချင်းဆုံးဖြတ်လိုက်တဲ့အခါမှာ will ကိုသုံးပါတယ်.. နောက်တစ်ချက်က ကိုယ့်ရဲ့စိတ်ဆန္ဒကိုက လိုလိုလားလားဖြစ်နေရင်လည်း will ကိုပဲသုံးပါတယ်
A: I need some money for my experiment.
B: I will help you. (ချက်ချင်းဆုံးဖြတ် / ကူညီပေးချင်စိတ်ရှိ)

ဒီအခြေအနေသုံးမျိုးနဲ့ grammar point တွေကို အရင်ဆုံး အလွတ်ရအောင်မှတ်ပါ .. အလွတ်ရပြီဆိုရင် လေ့ကျင့်ခန်းတွေဖြေကြည့်ကြပါ… အလွတ်မရပဲမဖြေဖို့အထူးသတိပေးပါတယ် .. လေ့ကျင့်ခန်းထဲမှာ နံပါတ် (10) က စဉ်းစားနိုင်မှအဖြေမှန်မှာပါ

လောလောဆယ်လေ့ကျင့်ခန်းဖြေနေတုန်းမှာ contracted form ( I’ll / I’m / She’ll / She’s) တွေမသုံးပါနဲ့ will / (be) going to အပြည့်အဝရေးပါ…

Glossaries
1. flour (n) : ဂျုံမှုန့်
2. box (n) : သေတ္တာ / ဗူး
3. I’m on my way to (somewhere).
    ငါအခုအဲဒီကိုသွားနေတာ
4. a note for Joe from Rachel
    Rachel က Joe ကိုပေးလိုက်တဲ့စာ
5. move (v) : ပြောင်း
6. apartment (n) : တိုက်ခန်း
7. terrific (adj) : ကောင်း
8. moving day : ပြောင်းတဲ့နေ့
9. now that : just because
    nou that က because နဲ့တူပါတယ် .. ဒါပေမယ့် သူက အဲဒီအကြောင်းပြချက်ဖြစ်လာတာ မကြာသေးဘူးဆိုတဲ့အဓိပ္ပာယ်ပါ
# now that I live in the city : အခုမြို့ထဲမှာနေနေလို့
10. elevator (n) : (AmE) ဓာတ်လှေကား
     lift (n) : (BrE) ဓာတ်လှေကား

Exercises

1. A: Why did you buy this flour?
    B: I ( ) make some bread.

2. A: Could someone get me a glass of water?
    B: I ( ) get you one. Would you like some ice in it?

3. A: Are you going to the post office soon?
    B: Yes. Why?
    A: I need to send this letter today.
    B: I ( ) mail it for you.

4. A: Why are you carrying that box?
    B: I ( ) mail it to my sister. I’m on my way to the post office.

5. A: Could someone please open the window?
    B: I ( ) do it.

6. A: What are your vacation plans?
    B: We ( ) spend two weeks on a Greek island.

7. A: I have a note for Joe from Rachel. I don’t know what to do with that?
    B: Let me have it. I ( ) give it to him. He and I are in the same class.
    A: Thanks. But you have to promise not to read it.

8. A: Did you know that Sara and I are moving. We found a great apartment on 45th street.
    B: That’s terrific. I ( ) help you on moving day if you like.
    A: Hey, great! We’d really appreciate that.

9. A: Do you have a car?
    B: Yes, but I ( ) sell it. I don’t need it now that I live in the city.

10. A: Do you want to walk to the meeting together?
     B: Okay. I ( ) meet you by the elevator. Okay?
     A: Okay. I ( ) wait for you there.

40

Borrowing Something

     ငါတို့ကျောင်းက လာမယ့်စနေနေ့ကစပြီး ပိတ်မှာ.. ပြင်ဦးလွင်မှာနေတဲ့ ငါ့အစ်ကို၀မ်းကွဲက ငါ့ကို သူ့ဆီ တစ်ပတ်လောက် လာလည်စေချင်တယ်.. ငါ တနင်္ဂနွေနေ့ကျရင်သွားမယ်
     ငါအဲဒီကို ရောက်တုန်းရောက်ခိုက် နေရာလှလှလေးတွေ ရှုခင်းလှလှလေးတွေ အားလုံးကို ဓာတ်ပုံရိုက်ချင်တယ်.. ဒါပေမယ့် ငါ့ camera က ငါ့ညီလေးလုပ်လို့ပျက်သွားပြီ.. အသစ်၀ယ်ဖို့ကျတော့လည်း အချိန်ရော ငွေရော လုံလုံလောက်လောက်မရှိဘူးဖြစ်နေတယ်.. အဲဒါကြောင့် ငါ့ကို မင်းရဲ့ camera လေး တစ်ပတ်လောက် ငှားပါလား.. ငါ သေသေချာချာကိုင်ပါ့မယ်လို့ အာမခံပါတယ်.. ပြီးတော့ အိမ်ပြန်ရောက်ရောက်ချင်း ပြန်ပေးပါ့မယ်.. ငါပြန်လာတဲ့အခါ မင်းအတွက် အထူးလက်ဆောင် ၀ယ်လာခဲ့မယ်..
     အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ် ဦးတို့ အန်တီတို့ကိုလည်း သတိရတယ် ပြောလိုက်ပါအုံး..

                                                                                               မင်းရဲ့..

Glossaries

1. Take a photo of (or) Take photos of : ဓာတ်ပုံရိုက်
2. Scenery (nu) : ရှုခင်း
3. Break (v) : ပျက် / ကျိုး
4. Could you ….? (or) Would you …..? : - ပါလား
5. Assure (v) : အာမခံပါတယ် (စိတ်ချပါ)
6. Take care of : ဂရုစိုက်
7. Return (v) : ပြန်ပေး / ပြန်အပ် / ပြန်လာ

39

သင်စရာအချက်တွေကုန်ပါပြီ .. အခု လေ့ကျင့်ရမယ့်အပိုင်းရောက်ပါပြီ ..

Writing Exercise

My Best Friend

John က ကျွန်တော့ရဲ့ အခင်ဆုံးသူငယ်ချင်းပါ.. သူနဲ့ကျွန်တော်နဲ့က ရပ်ကွက်ကလည်းတူ.. ကျောင်းမှာဆိုရင်လည်းတစ်ခန်းတည်းပဲဗျ.. မနက်ဆိုရင် ကျောင်းကို အတူတူလမ်းလျှောက်သွားကြတာ.. ကျောင်းက ကျွန်တော်တို့အိမ်တွေနဲ့သိပ်မဝေးဘူး.. မုန့်စားကျောင်းဆင်းချိန်ကျရင် ကျွန်တော်တို့က ဘောလုံးကန်ကြတာများတယ်.. တစ်ခါတစ်လေတော့လည်း စာကြည့်တိုက်မှာ ပုံပြင်စာအုပ်လေးဘာလေးဖတ်ဖြစ်တယ်ဗျ.. ညနေဘက်ကျောင်းဆင်းတော့ ကျောင်းနားက ကစားကွင်းကိုသွားကြတယ်.. အဲဒီမှာ ကျွန်တော်တို့ခဏခဏဆော့ဖြစ်တယ်.. စနေ တနင်္ဂနွေနေ့လိုမျိုးဆိုရင် သူကကျွန်တော့အိမ်လာတယ် ပြီးတော့ ကျွန်တော်တို့အတူတူစာကြည့်ကြတယ်..

Glossaries
1. ward : ရပ်ကွက်
2. recess : မုန့်စားကျောင်းဆင်းချိန်

38

Imperative (အမိန့်ပေး.. ခိုင်းစေ.. တောင်းဆို)

Imperative ဝါကျတွေက အမြဲတမ်း base form verb တစ်လုံးနဲ့စပါတယ်.. ပြီးတော့ သူ့မှာ အတိတ် နဲ့ အနာဂတ်မရှိပါဘူး .. အမေးပုံစံလည်းမရှိပါဘူး

Subject မရှိရခြင်းအကြောင်းက imperative ရဲ့အခြေအနေကိုက ပြောချင်တဲ့သူကို တိုက်ရိုက်ကြည့်ပြီးပြောနေတာဖြစ်လို့ subj ထည့်စရာမလိုတာပါ .. အခန်း၀မှာရပ်နေတဲ့သူကို ၀င်ခဲ့လေ လို့ပြောရင် သူ့ကိုကြည့်ပြီးပြောတာဖြစ်လို့ You come in. လို့ပြောစရာမလိုပါဘူး Come in. လို့ပဲ subj ကိုဖြုတ်ပြောပါတယ်

Examples
1. Have a seat. (ထိုင်ပါ)
2. Go inside. (အထဲ၀င်သွားလိုက်)
3. Raise your hand. (လက်ထောင်ပါ)
4. Take it easy. (အေးဆေးလုပ်ပါ / စိတ်အေးအေးထား)
5. Give me some time. (ငါ့ကိုအချိန်နည်းနည်းလောက်ပေးပါ)
=============
Adj တွေကိုသုံးမယ်ဆိုရင်တော့ ရိုးရာမပျက် (be) ရှေ့မှာထားပေးရပါမယ်
6. Be brave. (သတ္တိရှိစမ်းပါ)
7. Be ready. (အသင့်ပြင်ထားပါ)
8. Be honest. (ရိုးသားပါ)

Negative
Do not (don’t) နဲ့အမြဲစပါတယ်.. full verb တွေအတွက်ဆိုရင်တော့ don't ပြီးတာနဲ့ ကိုယ်ပြောချင်တဲ့ verb ကိုတန်းသုံးလို့ရပေမယ့် adj တွေအတွက်ကတော့ be လိုပါဦးမယ်

Examples
1. Don’t do that again.
    (အဲလိုထပ်မလုပ်နဲ့တော့)
2. Don’t cut in while I’m talking.
    (စကားပြောနေတုန်းဖြတ်မပြောနဲ့)
3. Don’t be lazy.
    (မပျင်းစမ်းပါနဲ့ကွာ)
4. Don’t be nervous.
    (စိတ်မလှုပ်ရှားနဲ့)

Verb / Adj နှစ်မျိုးလုံးသုံးပြီးတော့ ဝါကျ 10 ခုဥပမာပေးပါ..
Negative ဝါကျ 5 ခုဥပမာပေးပါ

36(1)

The Passive (part 1)

Passive voice ကိုသင်ယူတဲ့နေရာမှာ နှစ်ပိုင်းခွဲပြီးလေ့လာပါ.. ပထမဦးဆုံးအနေနဲ့ passive ကို ဘာကြောင့်သုံးရတယ်ဆိုတာကိုသိအောင်လုပ်ပါ… ပြီးတော့မှ သူ့ရဲ့ grammar structure ကိုလေ့လာပါ…

The Passive (1)
ကျွန်တော်တို့ဒီနေ့အထိလေ့ကျင့်ခဲ့တဲ့ဝါကျတွေအားလုံးက Active ပုံစံပါ.. active ဆိုတာက subj က verb ကိုခိုင်းမယ် verb က obj ကိုခိုင်းမယ် .. passive ကကျတော့ verb က subj ကိုပြန်ခိုင်းတာ.. ဒါကလည်းသဘောတရားအရသာပြောတာပါ.. အဲဒီ ခိုင်းတာတွေ အခိုင်းခံရတာတွေက တွေးလေရှုပ်လေဖြစ်တတ်ပါတယ်.. နားလည်အောင်ပဲ အတတ်နိုင်ဆုံးလေ့လာကြည့်ပါမယ်

================================================

၀ါကျတစ်ခုမှာ subj ကိုမသုံးချင်တဲ့အခါမှာ passive ပုံစံကိုသုံးရပါတယ်.. ဒါက အရေးအကြီးဆုံးအချက်ပါ..
subj ကိုမသုံးဘူးဆိုတာက အကြောင်းပြချက်အမျိုးမျိုးရှိပါတယ်.. subj ကိုမသိတာ.. သိတော့သိတယ် အရေးမကြီးတာ.. ထည့်ပြောစရာမလိုလောက်အောင်ထင်ရှားနေတာ.. အဲလိုအခြေအနေမျိုးတွေဆိုရင် passive ကိုသုံးရပါတယ်.. ဥပမာတွေကိုကြည့်ပါ..

1. ဒါ Mary ပေးသွားတာ (active)
ပေးသွားတဲ့သူရှိတယ်.. subj ရှိတယ်ပေါ့ဗျာ (Mary)

2. John တော့ စာမေးပွဲအောင်သွားပြီ (active)
အောင်သွားတဲ့သူကိုထည့်ပြောထားတယ် (John)

3. ငါ အဆူခံလိုက်ရတယ် (passive)
ဘယ်သူကဆူလိုက်တာလဲမပါဘူး

4. ငါ့ကို အလုပ်ပြောင်းဖို့ပြောနေကြတယ် (passive)
ဘယ်သူကပြောတာလဲဆိုတာမပါဘူး

5. ငါ့ခွေလေး အသတ်ခံလိုက်ရတယ် (passive)

6. လှည်းတန်းမှာ ဂုံးကျော်တံတားတစ်ခုဆောက်နေတယ် (passive)

7. စပါးကို အဓိကအားဖြင့် အာရှနိုင်ငံတွေမှာစိုက်တယ် (passive)

အခုပြောတဲ့သဘောတရားတွေကိုသဘောပေါက်ပြီဆိုရင် passive အဓိပ္ပာယ်ထွက်တဲ့ ဥပမာ (10) ခုလောက်ရေးပေးပါ.. ဗမာလိုပဲရေးပေးရမှာပါ.. ဗမာလိုခွဲနိုင်ပြီဆိုရင် အင်္ဂလိပ်လိုပြောင်းတာက မခက်ပါဘူး.. ဝါကျတွေကိုစဉ်းစားတဲ့နေရာမှာ စာအုပ်တွေကို ကိုးကားတာမျိုးမလုပ်ပါနဲ့ ကိုယ်တိုင်အေးအေးဆေးဆေးစဉ်းစားပြီးမှရေးပေးပါ

35

Adjective Clauses

who / that / which / when / where + (subj) + verb
(who,that,which,when,where) တွေကို relative pronouns လို့ခေါ်ပါတယ်

Adjective clause ကို adjective အနေနဲ့ပဲမြင်ပါ.. သူကလည်း adj ဖြစ်တဲ့အတွက် noun ကို အထူးပြုမှာပါ..

noun တစ်ခုကို အထူးပြုတဲ့အခါမှာ adj က ပုံစံနှစ်မျိုးဖြစ်နေပါတယ်.. ရိုးရိုး  adj ရယ် adj clause ရယ်..
ရိုးရိုး adj တွေက noun ရဲ့အရှေ့ကနေအထူးပြုပြီးတော့ adj clause ကတော့ နောက်ကနေအထူးပြုပါတယ်..
adj + noun
noun + adj clause

ဘယ်ဘာသာစကားမှာမဆို ကျယ်ပြန့်ချင်သလောက်ကျယ်ပြန့်နေတာ noun ပါ..အဓိပ္ပာယ်ရှင်းအောင်ပြောလေ ဝါကျဖွဲ့စည်းမှုရှုပ်ထွေးလေပါပဲ..

ကောင်မလေး
girl
ချစ်စရာကောင်းတဲ့ ကောင်မလေး
cute girl
မင်းညီနဲ့စကားပြောနေတဲ့ ကောင်မလေး
the girl [ who is talking with your brother ]

လူ
man
အရပ်ရှည်ရှည်နဲ့လူ
tall man
ငါတို့ညကတွေ့ခဲ့တဲ့ လူ
the man [ who we saw last night ]

စက္ဘီး
bicycle
စက္ဘီးအနီ
red bicycle
မင်းဦးလေးယူသွားတဲ့ စက်ဘီး
the bicycle [ that your uncle took ]

# လူကို အထူးပြုရင် who ကိုသုံးရပါတယ်.. လူမဟုတ်တဲ့အရာတွေဆိုရင်တော့ that/which ကြိုက်တာသုံးပါ.. level အမြင့်တွေမှာဆိုရင်တော့ ဘာလာလာ that နဲ့တင်ပြီးပါတယ်.. ဒါပေမယ့် အဲဒါက စာမေးပွဲမှာဆိုရင်တော့ မှားတဲ့အထဲထည့်ပါလိမ့်မယ် #

နောက်တစ်ချက်က ပုံသေနည်းပေးတုန်းက subj ကို ကွင်းခတ်ထားပါတယ်.. သဘောက အမြဲပါရမယ်မဟုတ်ပါဘူး အခြေအနေအရ မပါတဲ့အခါလည်းရှိပါတယ်..
the girl who is talking with your brother ဆိုတဲ့ clause မှာကျတော့ relative pronoun ရဲ့နောက်မှာ subj မပါတော့ပါဘူး verb တန်းလာပါတယ်..
the man who ‘we’ saw last night
the bicycle that ‘your uncle’ took .. ဒီ clause တွေမှာကျတော့ relative pronoun တွေရဲ့နောက်မှာ subj ပါလာပါတယ်.. အဲလို relative pronoun တွေရဲ့နောက်မှာ subj ပါလာတဲ့ adj clause တွေဆိုရင် relative pronoun တွေဖြုတ်ပြီးသုံးလို့ရပါတယ်..
the man we saw last night
the bicycle your uncle took

# noun နဲ့ adj clause အတွဲလိုက်ကိုလည်း noun အဖြစ်ပဲမြင်ဖို့က အင်မတန်အရေးကြီးပါကြောင်း..#

adj clause က noun ဖြစ်တဲ့အတွက် noun ရှိရမယ့်နေရာတိုင်းမှာ သူရှိနိင်ပါတယ်.. ဝါကျတစ်ခုမှာ subj နဲ့ obj နေရာတွေမှာ noun ရှိနေရမှာဖြစ်လို့ adj clause တွေကို အဲဒီနေရာတွေမှာ တွေ့နိုင် သုံးနိုင်ပါတယ်..

In Sentences
1. The girl who is talking with your brother is my cousin sister.
The girl who is talking with your brother (subj)
is (verb)
my cousin sister (obj)

adj clause တွေကို မျက်စိမရှုပ်အောင်မြင်တတ်ဖို့အရေးကြီးပါတယ်.. အခုဝါကျမှာပါတဲ့ the girl who is talking with your brother ကို pronoun အဖြစ်မြင်ကြည့်ရင် (she) ပါပဲ.. အဲဒါကြောင့် နောက်က verb က singular form ဖြစ်တဲ့ -s form ကိုသုံးရတာပါ..

2. I don’t like the man (who) we saw last night.
I (subj)
don’t like (verb)
the man (who) we saw last night (obj)

3. The bicycle (that) your uncle took is mine.
The bicycle (that) your uncle took (subj)
is (verb)
mine (obj)

သဘောပေါက်ရင်လေ့ကျင့်ခန်းတွေဖြေကြည့်ပါ.. တစ်ခုသတိထားရမှာက adj clause ကလည်း ဝါကျတည်ဆောက်ရတာဖြစ်လို့ tense အယူအဆတွေကိုသတိထားပေးရမှာပါ..

Exercises
1. မန်နေဂျာနဲ့ စကားပြောနေတဲ့လူ
2. နောက်ဆုံးတန်းမှာထိုင်နေတဲ့ကောင်လေး
3. မင်းမနေ့က၀ယ်ခဲ့တဲ့စာအုပ်
4. ကော်ဖီဆိုင်ထဲကထွက်လာတဲ့အမျိုးသမီး
5. စျေးထဲမှာ ငါးရောင်းတဲ့လူ
6. ငါတို့သွားမယ့်မြို့
7. မင်းရောင်းလိုက်တဲ့ကား
8. ငါ့ညီ မင်းကိုပေးလိုက်တဲ့လက်ဆောင်
9. မင်းပြင်လို့မရနိုင်တော့တဲ့အမှား
10. ငါတို့ငယ်ငယ်က တက်ခဲ့တဲ့ကျောင်း

31

Negative (-) and Question (?)
# subject . helping verb + not . main verb ……

Question
1. Yes / No question (လား)
2. Wh- question (လဲ)

Patterns
# helping verb . subject . main verb …. ? (လား)
# Wh- . helping verb . subject . main verb …. ? (လဲ)

အငြင်း နဲ့ အမေး ဝါကျတွေမလုပ်သေးခင်မှာ အခုပေးထားတဲ့ပုံသေနည်းတွေကို အလွတ်ရနေဖို့လိုပါတယ်.. အငြင်းနဲ့ အမေး ဝါကျတော်တေ်ာများများက ဒီပုံစံနဲ့တည်ဆောက်ထားတာပါ..

Negative

1. She is cooking dinner. (+)
    She is not cooking dinner.

2. She was cooking dinner. (+)
    She was not cooking dinner.

3. She will be cooking dinner. (+)
    She will not be cooking dinner.

4. She has cooked dinner. (+)
    She has not cooked dinner.

5. She had cooked dinner. (+)
    She had not cooked dinner.

6. She will have cooked dinner. (+)
    She will not have cooked dinner.

7. She has been cooking dinner. (+)
    She has not been cooking dinner.

8. She had been cooking dinner. (+)
    She had not been cooking dinner.

9. She will have been cooking dinner. (+)
    She will not have been cooking dinner.

10. She will cook dinner. (+)
      She will not cook dinner.

Question
Do you know? (Yes / No question)
What do you know? (Wh- question)

Yes/No မေးခွန်းနဲ့ Wh- မေးခွန်းက wh လေး ပိုပါလာတာကလွဲရင် ကျန်တဲ့ grammar point တွေတူနေတာတွေ့ရမှာပါ..
Wh မေးခွန်းတွေကတော့ ဒီ level မှာ ထည့်မသင်ပါဘူး မသင်ပေမယ့်လည်း yes/no question ကို သဘောပေါက်ရင် သူ့ကိုလည်းသဘောပေါက်ပါတယ်.. လောလောဆယ် အဓိကကျတဲ့ Yes/No ကိုအရင်လေ့လာရပါမယ်.

1. They are playing football. (+)
    Are they playing football?

2. They were playing football. (+)
    Were they playing football?

3. They will be playing football. (+)
    Will they be playing football?

4. They have played football. (+)
    Have they played football?

5. They had played football. (+)
    Had they played football?

6. They will have played football. (+)
    Will they have played football?

7. They have been playing football. (+)
    Have they been playing football?

8. They had been playing football. (+)
    Had they been playing football?

9. They will have been playing football. (+)
    Will they have been playing football?

10. They will play football. (+)
      Will they play football?

Tense 12 ခုရှိတဲ့ထဲမှာ 10 ခုက အငြင်းရော အမေးရော ပုံသေနည်းရရင်လွယ်ပါတယ်.. ခက်နေတာက ကျန်တဲ့နှစ်ခုဖြစ်တဲ့ Present Simple နဲ့ Past Simple ပါ..

အငြင်းဝါကျနဲ့ အမေးဝါကျနှစ်ခုလုံးမှာ အဓိကလိုအပ်နေတာက helping verb ပါ Present Simple နဲ့ Past Simple ကလွဲရင် ကျန်တဲ့ tense တွေအားလုံးမှာ ကိုယ်စီကိုယ်စီ ကိုယ်ပိုင် helping verb တွေရှိနေကြပါတယ်
Positive (+) ဝါကျတွေကိုပဲကြည့်ကြည့်ပါ..
Situation လေးမျိုးဘက်ကနေတွေးကြည့်ရင်လည်း သိနိုင်ပါတယ်..

1. Simple
2. Progressive (be) + ing
3. Perfect (have) + past participle
4. Perfect Progressive (have) been + ing

Simple ဆိုတဲ့ situation မှာ helping verb မပါပါဘူး.. အဲဒီတော့ helping verb လိုပါတယ်ဆိုတဲ့ negative နဲ့ question ပုံစံတွေလုပ်ရပြီဆိုရင် အခက်တွေ့ပါပြီ ဒါပေမယ့် simple နဲ့ပက်သက်တဲ့ tense အားလုံးမှာတော့မဟုတ်ပါဘူး
simple ကို future မှာသုံးတဲ့အခါကျရင် future ရဲ့ helping verb ဖြစ်တဲ့ will ကိုယူသုံးလို့ရပါတယ်.. ဒါပေမယ့် present နဲ့ past မှာတော့ ဘယ်ကမှယူသုံးလို့မရတော့ပါဘူး.. အဲဒီအခါမှာ အကူကြိယာ (do) ကိုသုံးပေးရပါတယ်.. (do) ကိုပဲ အမြဲတမ်းသုံးရတာလားဆိုတော့ မဟုတ်ပါဘူး.. ကိုယ့်ဝါကျရဲ့ main verb က full verb တစ်လုံးဖြစ်နေတဲ့အခါမှသာ သုံးလို့ရတာပါ..
full verb ဆိုတာ verb form ဇယားမှာ ပထမနဲ့ ဒုတိယနေရာမှာရှိနေတဲ့ verb ကိုပြောတာပါ..

write / wrote / written / writing မှာ write နဲ့ wrote က full verb ပါ..

Examples
1. I like rock music. (Present Simple) (+)
ဒီ ဝါကျမှာ main verb အဖြစ်သုံးထားတာက like (full verb).. အဲဒီတော့ ဒီဝါကျကို အငြင်းလုပ်ဖို့အတွက်လိုအပ်တဲ့ helping verb နေရာမှာ (do) ကိုပဲသုံးပေးရပါမယ်..

I do not like rock music.

2. He likes pop music.
    He does not like pop music.

# main verb က -s form ဖြစ်နေတဲ့အခါမှာ အငြင်းနဲ့အမေးလုပ်ရင် helping verb ကို -s form ပြောင်းပြီး main verb ကိုတော့ base form အဖြစ်ပဲပြန်သုံးရပါတယ်

She needs to stay here.
She does not need to stay here.

3. I went to work yesterday.
    I did not go to work yesterday.

# main verb က past form ဖြစ်နေတဲ့အခါမှာ အငြင်းနဲ့အမေးလုပ်ရင် helping verb ကို past form ပြောင်းပြီး main verb ကိုတော့ base form အဖြစ်ပဲပြန်သုံးရပါတယ်
They took the bus.
They did not take the bus.

# နားလည်တဲ့သူတွေက over ရေးပေးပါ
# နားမလည်ဘူးဆိုရင် ကိုယ်ရှုပ်သွားတဲ့နေရာကို သေသေချာချာမေးပါ မမေးခင် နောက်တစ်ခေါက်လောက်ပြန်ဖတ်ကြည့်ပါ