(be) Part 2
(be) ကို helping verb အဖြစ်သုံးတဲ့အခါမှာ သူကိုယ်တိုင်မှာ ဘာအဓိပ္ပာယ်မှမရှိပါဘူး
(be) + adj ဆိုရင် အားလုံးတညီတညွတ်တည်းလက်ခံထားတာက အဲဒီ (be) က (main verb)
ဒီအယူအဆမှာ မြန်မာနိုင်ငံကတင်မဟုတ်ပါဘူး သူတို့ဘာသာစကားကို သူတို့ကိုယ်တိုင် Grammar rules ထုတ်ကြတဲ့ အနောက်တိုင်းက ဆရာတွေနဲ့ပါ ကျွန်တော်ဆန့်ကျင်ပါတယ် (ရူးသွားပြီလို့ထင်ပါက ထင်နိုင်ပါကြောင်း) အဲဒါက သင်ကြားနည်းကိုပိုပြီးရှုပ်ထွေးစေပါတယ် မလိုအပ်တဲ့ grammar rule တွေထပ်တိုးပေးနေရပါတယ်.. ကျွန်တော့အယူအဆကတော့
(be) + adj မှာ (be) ဟာ helping verb ပါပဲ.. ကျွန်တော်သတ်မှတ်သလို ကျွန်တော့ဆီမှာသင်တဲ့သူတွေသတ်မှတ်ရမယ်မပြောလိုပါဘူး.. ကိုယ်သန်ရာသန်ရာပုံစံနဲ့သာလေ့လာပါ ဘာမှမသိလို့လေ့လာပါတယ်ဆိုတဲ့ကျွန်တော့ကို 6 လလောက် ကောင်းကောင်းကြီး ဒုက္ခပေးခဲ့တဲ့ (be) ကို အလွယ်ဆုံးဖြစ်အောင် ကိုယ့်နည်းနဲ့ကိုယ်သမထားပါတယ် ကြိုက်ရင်ယူ မကြိုက်ရင်ပယ်ပေါ့ဗျာ အလွယ်ဆုံးလို့ပြောထားပေမယ့် တစ်ဆင့်ချင်း မလောပဲ အေးအေးဆေးဆေးတွေးနိုင်မှ သိမှာပါ.. အဲလိုမတွေးနိုင်ဘူးဆိုရင်တော့ အခက်ဆုံးပုံစံတောင်ဖြစ်သွားနိုင်ပါတယ်
ကျွန်တော့သဘောက (be) ကိုဖြုတ်လိုက်လို့ အဓိကယူရမယ့် အဓိပ္ပာယ်ပျက်သွားရင်
အဲဒီ (be) က main verb
ဖြုတ်လိုက်ပါလျှက်နဲ့အဓိပ္ပာယ်က အပြုံးမပျက်ဘူးဆိုရင် အဲဒါ helping verb .. ဒါကတစ်ချက် ဒီလောက်နဲ့တော့ (be) အကြောင်းမသိသေးဘူး
Examples
1. She is pretty.
ဒီနေရာမှာ (be) ကို အားလုံးက main verb လို့ပြောကြပါတယ်.. ကျွန်တော်ပြောသလို အဲဒီ (be) ကိုဖြုတ်ကြည့်ပါ.. သူကလှတယ် ဆိုတဲ့အဓိပ္ပာယ်က ဖြုံတောင်မဖြုံပါဘူး အဲဒါကြောင့် ကျွန်တော့ Grammar မှာ သူက helping verb .. ဒါဆိုနောက်ထပ်အကြောင်းပြချက်က..?
၀ါကျတစ်ခုမှာ verb ဆိုတဲ့အရာက မပါရင်မဖြစ်ပါဘူး.. အခုဝါကျမှာ She pretty နဲ့တင်အဓိပ္ပာယ်ပြည့်စုံတယ်ဆိုပေမယ့် grammar rule အရတော့ မပြည့်စုံပါဘူး verb မပါလို့ပါ.. She က (subj).. pretty က (adj) အဲဒီတော့ ဒီဝါကျမှာပြစရာ verb မရှိ.. အဲလိုအခြေအနေမျိုးဆိုရင် verb ပါပါတယ်ဆိုတာပြနိုင်ဖို့ (be) ကိုအကူအညီတောင်းရပါတယ်.. အဲဒါမှ grammar rule အရပြည့်စုံသွားတာပါ..
နောက်ထပ်ရှုထောင့်တစ်ခုက..
အင်္ဂလိပ်ဘာသာစကားရဲ့ main verb က စကားလုံးနှစ်မျိုးကိုသုံးတယ်ဆိုတာပြောဖူးပါတယ်.. verb ဆိုတဲ့စကားလုံးကို သုံးရင်သုံး အဲလိုမှမဟုတ်ရင် adj ကိုသုံးပါတယ်.. (ဒါကလည်း ကျွန်တော့ရဲ့အယူအဆပါ adj ရှေ့က (be) အကြောင်းကိုကောင်းကောင်းသဘောပေါက်ဖို့အတွက် ဒီလိုယူဆပေးမှဖြစ်မှာပါ) ဗမာစကားနဲ့ယှဉ်ပြီးလေ့လာပါ.. ဗမာစကားမှာ နောက်ဆုံးစကားလုံး / စကားစု က main verb ပါ.. ဘာသာစကားတစ်ခုရဲ့ verb ဆိုတာ အခြားဘာသာစကားမှာလည်း verb နေရာမှာရပ်တည်ရတာချည်းပါပဲ.. နေရာအထားအသိုသာကွာရင်ကွာမယ် verb ဆိုတာကိုတော့ငြင်းလို့မရပါဘူး
Examples
1. စားတယ် (eat . v)
2. တွေ့တယ် (see . v)
3. သဘောကျတယ် (like . v)
4. စိတ်ဆိုးတယ် (angry . adj)
5. ဗိုက်ဆာတယ် (hungry . adj)
6. ရက်ရောတယ် (generous . adj)
7. လေ့လာတယ် (study . v)
8. ကပ်စေးနဲတယ် (stingy . adj)
9. ကျယ်ပြန့်တယ် (broad . adj)
10. လက်ခံတယ် (accept . v)
ဒါတွေက ဗမာစကားရဲ့ verb တွေပါ.. အင်္ဂလိပ်မှာလည်း verb အဖြစ်ပဲယူဆရပါတယ်.. ဒါပေမယ့် စကားလုံးအမျိုးအစားက နှစ်မျိုးဖြစ်နေပါတယ်.. verb (or) adj
အနှစ်ချုပ်လိုက်ရင် အင်္ဂလိပ်ဘာသာစကားရဲ့ main verb က adj / verb တစ်ခုမဟုတ်တစ်ခုဖြစ်နေပါတယ်.. adj ကို main verb အဖြစ်ယူသုံးရတိုင်းမှာ သူ့ဟာသူအဓိပ္ပာယ်ပြည့်စုံနေပေမယ့် verb ပါကြောင်းပြနိုင်ဖို့ (be) ကို အကူအညီတောင်းရပါတယ်.. အဲလိုအကူအညီပေးရတာကြောင့် (be) ကို helping verb အဖြစ်ပဲယူဆသင့်ပါတယ်.. အဲဒီအယူအဆအတိုင်းလိုက်မယ်ဆိုရင် complement ဆိုတဲ့ grammar ကဏ္ဍကို အလိုလိုပယ်ပြီးသားဖြစ်ပါလ်ိမ့်မယ်..
နောက်တစ်ခု..
၀ါကျတစ်ခုဖြစ်ဖို့သုံးရတဲ့ဖွဲစည်းပုံက 12 မျိုးရှိပါတယ်.. အဲဒီ 12 မျိုးလုံးကလည်း သူ့ပုံသေနည်းနဲ့သူလာတာပါ.. အဲဒီပုံသေနည်းကို ဘာအကြောင်းနဲ့မှ ပြင်ဆင်ခွင့်မရှိပါဘူး ပြင်လိုက်ရင် tense အသစ်တိုးသွားပါလိမ့်မယ်
12 tenses သင်ထားပြီးသားဖြစ်လို့ သဘောပေါက်မယ်ယူဆပါတယ်..
ဥပမာအာဖြင့် present perfect ဆိုရင် (has,have) + past participle .. အဲဒီအတွဲမှာ (have) ကိုလည်းဖယ်လို့မရပါဘူး past participle ကိုလည်း ပြင်လို့မရပါဘူး အဲဒီနှစ်ခုပြည့်စုံမှ perfect လို့ခေါ်ခွင့်ရှိမှာပါ..
ကျွန်တော်တို့ပြောချင်တဲ့စကားကို အခြေအနေအရ tense ခွဲလိုက်လို့ past simple ဖြစ်နေပြီဆိုပါစို့.. past simple ဆိုတာ verb ကို အတိတ်ပြောင်းပေးမှ သူ့ရဲ့စည်းမျဉ်းနဲ့ကိုက်ညီမှာပါ.. ဒါပေမယ့် ကိုယ်ပြောချင်တဲ့ဝါကျရဲ့ main verb က adj ဖြစ်နေရင် အဲလိုလုပ်လို့မရပါဘူး.. adj မှာ အတိတ်တို့ ပစ္စုပ္ပန်တို့မှ မရှိတာကိုး.. အဲဒီတော့ အကူအညီတောင်းရပြန်ပြီ.. လာပါအုံး (be)..
adj အနေနဲ့ပြောရရင် “ငါကိုတော့ အတိတ်ပြောင်းလို့မရဘူး ဒါပေမယ့် မင်းတို့စည်းကမ်းကိုလည်းမဖျက်ချင်ရင် ငါ့အစား ကြိုက်သလိုပြောင်းခွင့်ရှိတဲ့ (be) ကိုပဲပြောင်းလိုက်ပါ” လို့ပြောရမှာပါ..
1. He /was nervous/ about the presentation.
(Past Simple)
2. They were happy at the park.
(Past Simple)
Present Simple
(he/she/it) + -s form verb
present ကာလမှာ subj က he/she/it ထဲကတစ်ခုခုဖြစ်နေရင် သူနဲ့ကပ်လျက်လာမယ့် verb က -s နဲ့ဆုံးနေရပါမယ်.. ဒါက သူ့ရဲ့ rule ပါ.. ကိုယ့်ဝါကျရဲ့ main verb က adj ဖြစ်နေရင် အဲလို -s လည်းပေါင်းထည့်လို့မရပြန်ပါဘူး .. လာပါအုံး (be) ပဲပေါ့ (be) ရဲ့ present က (am, is , are) ဆိုတာ့ -s နဲ့ဆုံးနေတဲ့စကားလုံးပါပြီးသားဆိုတော့ အခုလိုအခက်အခဲမှာ ပြေလည်သွားပြန်ပြီပေါ့ဗျာ..
1. She is lazy. = (He/She/It) + -s form verb ကွက်တိ
(Present Simple)
2. It is easy.
(Present Simple)
3. He is bright.
(Present Simple)
အခြား tense တွေမှာလည်း ဒီအတိုင်းပါပဲ
#Perfect
(have) + past participle
1. I have been busy.
(busy ကို past participle ပြောင်းလို့မရပေမယ့် သူ့ရှေ့မှာ (be) ကိုထားလိုက်တော့ ပြောင်းလို့ရသွားပါပြီ)
အဲဒီတော့ have been ကိုကြည့်ခြင်းအားဖြင့် perfect မှန်းသိသာသွားပါပြီ
2. She has been disappointed. (disappointed . adj)
(Present Perfect)
3. He has been silent.
(Present Perfect)
အဲလောက်အကူအညီပေးနေရတာတောင် helping verb လို့မသတ်မှတ်ရင်လည်း မတတ်နိုင်ဘူးပေါ့ဗျား
တစ်ခေါက်နဲ့သဘောမပေါက်ရင် အေးအေးဆေးဆေး တစ်ဆင့်ချင်းပြန်ဖတ်ပေးပါ..
No comments:
Post a Comment