၂။ since as conjunction
==============
ပြီးခဲ့တဲ့ ပထမပိုင်းမှာ since ကို preposition, conjunction နဲ့ adverb အနေနဲ့ ဝါကျတွေမှာ သုံးတဲ့အကြောင်းပြောပြီး preposition အနေနဲ့ အသုံးပြုပုံတွေကို ရေးခဲ့ပါတယ်။ ခုဆက်ပြီး conjunction (သမ္ဗန္ဓ) အနေနဲ့ သုံးတဲ့ အကြောင်း တင်ပြသွားပါမယ်။
Conjunction အနေနဲ့ since ကို သုံးတဲ့ အခါမှာ Main clause နဲ့ subordinate clause နှစ်ခုကို ဆက်သွယ်ပေးတဲ့ သမ္ဗန္ဓအနေနဲ့ အသုံးပြုပါတယ်။ အဲဒီလို သုံးတဲ့အခါမှာ "အချိန်ပြ since" နဲ့ "အကြောင်းပြ since" ဆိုပြီး နှစ်မျိုး တွေ့နိုင်ပါတယ်။
၂ (က)။ အချိန်ပြ since
=============
Subordinate clause (since နဲ့စတဲ့ clause) ရဲ့ကြိယာဟာ အတိတ်ကာလရဲ့ အဖြစ်အပျက့်ကို ဖေါ်ပြမယ်။ အဲဒါကို since နဲ့ဆက်လိုက်တော့ "ဖြစ်ပျက်ခဲ့တဲ့အချိန် ကတည်းက" လို့ အချိန်ပြ အနေနဲ့ အသုံးပြုတဲ့အတွက် ကျွန်တော်က "အချိန်ပြ since" လို့ ခေါ်တာပါ။
ဒီလို since ကို အချိန်ပြ အနေနဲ့သုံးတဲ့အခါ ပထမပိုင်း (since as preposition) မှာ ဖေါ်ပြခဲ့တဲ့ အသုံးနဲ့ တူပါတယ်။ Main clause ကို perfect tense (simple or continuous) နဲ့ဖေါ်ပြပြီး subordinate clause ကိုတော့ present perfect ဒါမှမဟုတ် simple past tense တွေနဲ့ တွေ့နိုင်ပါတယ်။
ဥပမာ -
-I have been studying since you left.
သင်ထွက်သွားပြီးကတည်းက ကျွန်တော်စာကြည့်နေခဲ့သည်။
- I have been studying - ကျွန်တော် စာကြည့်နေခဲ့သည် - (main clause)
- you left - သင်ထွက်သွားခဲ့သည်။ - (subordinate clause)
-She had been doing her homework since she came back from school.
သူမ ကျောင်းမှ ပြန်ရောက်လာကတည်းက အိမ်စာလုပ်နေခဲ့သည်။
- I have loved you since I first met you.
မင်းနဲ့ ပထမ တွေ့ဆုံခဲ့ရကတည်းက ချစ်ခဲ့ပါသည်။
- Google has banned 200 publishers since it passed a new policy against fake news.
မမှန်မကန်သတင်းနှင့်ပါတ်သက်ပြီး မူဝါဒအသစ် ချမှတ်ပြီးကတည်းက Google သည် သတင်းထုတ်ဝေသူ ၂၀၀ ကို ပိတ်ပင်ပြီးဖြစ်သည်၊
Ref.:-
[Townsend, T. (2017, January 25). "Google has banned 200 publishers since it passed a new policy against fake news". http://www.recode.net/2017/1/25/14375750/google-adsense-advertisers-publishers-fake-news]
၂ (ခ)။ အကြောင်းပြ since
==============
Clause နှစ်ခုထဲက since clause ဟာ main clause ကြိယာရဲ့အကြောင်းခံ (cause or reason) ဖြစ်ကြောင်း ပြောဆိုတဲ့အခါမှာ since ဟာ because နဲ့ အဓိပ္ပါယ် ဆင်တူပါတယ်။ ဒီလို ကျိုးကြောင်းပြသမ္ဗန္ဓ အနေနဲ့ သုံးတဲ့ အခါမှာ since clause ကို ရှေ့မှာထားလေ့ရှိပါတယ်။
ဥပမာ -
-Since you all are here, I am announcing my good news.
မင်းတို့အားလုံး ဒီမှာရှိနေပြီဆိုတော့ ငါ့သတင်းကောင်းကို ကြေညာလိုက်တော့မယ်။
အထက်က ဝါကျဟာ - I am announcing my good news because you all are here ဆိုတဲ့ အဓိပ္ပါယ်နဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒီလို သုံးတဲ့ အကြောင်းပြ since မှာ perfect tense တွေနဲ့ သုံးစရာမလိုပါ။
- Since he cheated, his girlfriend left him.
သူဖေါက်ပြန်လို့ သူ့ချစ်သူက သူ့ကို ထားခဲ့တယ်။
- But, since you have always treated me with a peculiar and undeserved tenderness; since I know how much you are interested in whatever concerns me, far above the common feelings of a parent; since you have kindly desired me to look upon you rather in the light of a friend than a father; I think it is my duty, without reserve, to disclose to you the whole state of my mind;...
သူမတူသော၊ ကျွနုပ်နှင့် မထိုက်တန်သော ယုယမှုများနှင့် သင် ကျွနုပ်ကို အမြဲပြုစုခဲ့ပေသည်။ ကျွနုပ်နှင့်ပတ်သက်သော အရာ မှန်သမျှကို အသင်သည် မိဘတစ်ဦး၏ ထားရှိနေကျစိတ်ဆန္ဒ၏ တဖက်ကမ်းတိုင် စိတ်ဝင်စားပေးခဲ့သည်ကို ကျွနုပ်သိပါ၏။ အဖေတစ်ဦး ဆိုသည်ထက် သူငယ်ချင်းတဦးအမြင်ဖြင့် သင်၏အပေါ် ကြည့်မြင်ဘို့ ကြင်နာစွာဖြင့်ဆန္ဒရှိခဲ့သည်။ ဤအရာများအားလုံးကို စဉ်းစားသော် ကျွနုပ်၏ စိတ်စေတသိက် အလုံးစုံအား သင့်ထံသို့ ဖွင့်ဟဝန်ချရန်မှာ ကျွန်ုပ်၏ အကြွင်းမဲ့ တာဝန်တရပ်ဟု မှတ်ယူပါသည်။
Ref.:-
[ Venn, H..(1854). "The Life and a Selection from the Letters of the Late Rev. Henry Venn, M.A." New York. NY: Stanford and Swords, Church Publishing House. p. 252 ]
၃။ ကြိယာဝိသေသန since
===============
နောက်ဆုံးတစ်ခုကတော့ adverb (ကြိယာဝိသေသန) အနေနဲ့ သုံးတဲ့ ပုံစံတွေဘဲဖြစ်ပါတယ်။
Since/since then/ever since ဆိုပြီး ကြိယာဝိသေသန အနေနဲ့ သုံးတဲ့အခါ အဲဒီကတည်းက ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးပါတယ်။
ဥပမာ -
- She ran away with her boyfriend three months ago and we haven't heard from her since.
လွန်ခဲ့တဲ့သုံးလတုန်းက သူ့ရည်းစားနဲ့ ထွက်ပြေးသွားတယ်။ အဲဒီကတည်းက သူ့ဆီက ဘာမှမကြားရတော့တာပါဘဲ။
- They met in a dancing party and they have been together since then.
သူတို့ အကပါတီတစ်ခုမှာ ဆုံခဲ့ကြတယ်။ အဲဒီကတည်းက အတူတွဲနေခဲ့ကြတာဘဲ။
ဒီလောက်ဆိုရင် Since အကြောင်းကို တော်တော်လေး ခြုံငုံမိလောက်ပြီလို့ ထင်ပါတယ်။
ဦးကချင်
2017/1/30
No comments:
Post a Comment