Continuous နှင့် non continuous နှစ်မျိုးသုံးလို့ရသော mixed verbs များ
……………………………………………………………………………………………..
အခုတင်ဆက်မယ့် စကားလုံးလေးများကတော့ တွေ့နေမြင်နေကျ စကားလုံးလေးတွေ ဖြစ်ပါတယ် ၊ သို့သော်လည်း မလေ့လာရသေးလျှင် သုံးစွဲပုံ (သို့မဟုတ်) အဓိပ္ပါယ်ယူပုံမှားတတ်ပါတယ် ၊ သေသေချာချာ မလေ့လာရသေးလျှင်လည်း သူများရေးထားတာကို မှားတယ်လို့ ထင်တတ်ပြန်ပါတယ် ၊ သဘောတရားနှစ်မျိုး ကို သက်ဆိုင်ရာ သင့်တော်ရာ အဓိပ္ပါယ်အတိုင်းယူမှသာ မှန်ပါတယ် .. နမူနာပေးထားတဲ့ စကားလုံးလေးတွေကို လေ့လာပြီးတဲ့အခါမှာ အခုရှင်းလင်းချက်ကို တစ်ကြိမ်ပြန်ဖတ်စေချင်ပါတယ် .. ဒါမှသာ သြော် ဒီလိုတော့လည်း ဟုတ်သားပဲ လို့ ဘ၀င်ကျစေမှာဖြစ်ပါတယ် ..
…
တချို့သောကြိယာတွေဟာ continuous form သုံးလို့ရတဲ့ အဓိပ္ပါယ်နဲ့ သုံးလို့မရတဲ့ အဓိပ္ပါယ် နှစ်ခုရှိနေပါတယ်
Action verb (Dynamic verb) နဲ့ State verb (Stative verb) နှစ်မျိုးလုံးကို သူ့အဓိပ္ပါယ်နဲ့သူ သုံးလို့ရနေတာဖြစ်ပါတယ် ..
Action verb တွေက (-ing) ပေါင်းပြီး continuous ပုံစံသုံးလို့ရပါတယ် ၊ ဒါကြောင့် continuous verb လို့လည်းမှတ်သားနိုင်ပြီး
State verb တွေကတော့ ပုံမှန်အားဖြင့် continuous ပုံစံအဖြစ် (-ing) ပေါင်းပြီး သုံးလေ့မရှိကြတဲ့အတွက် non continuous verb လို့ အမှတ်သညာ ပြုကြပါတယ်
အဲဒီလို စရိုက်သဘာဝ ရောနှောနေတဲ့ verb တွေကို Mixed verb လို့နာမည်တပ်လိုက်ကြပါတော့တယ်
အခုဖေါ်ပြမယ့် verb တွေပေါ့
……………………………………
Action verb အဖြစ်သုံးလျှင် AV လို့ သင်္ကေတပြုခဲ့မှာဖြစ်သလို State verb အဖြစ်သုံးလျှင် SV လို့ အညွှန်းတပ်ခဲ့ပါမယ်
…………………………………………………………………………………
(1.1) see (SV) မြင်သည်
..
I saw what he was doing.
သူဘာလုပ်နေသလဲဆိုတာကို ကျနော် မြင်နေခဲ့ရပါတယ်
~ မြန်မာဘာသာပြန်မှာ ..လုပ်နေ ၊ မြင်နေ ..စသည်ဖြင့် continuous ပုံစံ နှစ်ခုဖြစ်နေပေမယ့်လို့ အင်္ဂလိပ်မှာက မြင်နေသည်..လို့ မသုံးပါဘူး
မြင်သည် ၊ ကြားသည် ၊ အနံ့ရသည် ၊ အရသာရသည် ၊ အတွေ့အထိ ခံစားမှု ခံစားရသည် စတဲ့ အာရုံကြောင့်ဖြစ်ပေါ်လာတဲ့ သိမှုတွေဟာ အင်္ဂလိပ်စာမှာ (-ing) ပေါင်းတဲ့ပုံစံနဲ့ မသုံးပါဘူး
မြင်ကွင်းရှေ့မှာ ရုပ်ပုံတစ်ခု ပေါ်လာလျှင် မြင်မှာပဲ ၊ အသံတစ်ခု ဖြစ်ပေါ်လျှင် နားကကြားမှာပဲ ၊ အနံ့တစ်ခု ပျံ့လာလျှင် နှားခေါင်းက သိမှာပဲ ..စသည်ဖြင့် လူက အားစိုက်လုပ်ဆောင်စရာမလိုပဲ အလိုလို ခံစားရတဲ့ အာရုံတွေပေါ့ ၊ အဲလိုအာရုံခံစားမှုတွေအတွက် အင်္ဂလိပ်စာမှာ ပုံမှန်အားဖြင့် -ing ပေါင်းပြီး မသုံးပါဘူး ။
…
(1.2) see (AV) သွားတွေ့သည် ၊ တွေ့ဆုံဆွေးနွေးသည်
I am seeing my lawyer tomorrow.
မနက်ဖန်မှာ ကျနော့်ရှေ့နေနဲ့ တွေ့ဖို့ရှိပါတယ်
~ ဒီမှာကျတော့ သွားတွေ့တယ်ဆိုတာ လူက အားထုတ်လုပ်ဆောင်ပေးရတယ် မဟုတ်လား ၊ အဲဒါကြောင့် Action verb ဖြစ်ပြန်ပါတယ်
….
(1.3) see (SV) ဆုံတွေ့သည်
အမှတ်မထင် လမ်းမှာဆုံတွေ့တာမျိုးကျတော့ -ing ပေါင်းတဲ့ပုံစံမသုံးပြန်ပါဘူး
I saw your mother in town yesterday.
မနေ့က ခင်ဗျားအမေနဲ့ မြို့ထဲမှာ တွေ့လိုက်သေးတယ်
~ ဆုံတွေ့ဖို့ မကြိုးစားရပါဘဲနဲ့ တိုက်ဆိုင်ပြီး ဆုံတွေလိုက်တယ် ၊ အဲလိုတွေ့ဆုံမှုမျိုးကို -ing ပေါင်းပြီး မသုံးပါဘူး
…………
(1.4) see (AV) တွဲသည် ၊ တွဲခုတ်သည်
Ko Win Naing Oo is seeing a celebrity girl.
ကိုဝင်းနိုင်ဦးက နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ကောင်မလေးတစ်ယောက်နဲ့ တွဲခုတ်နေတယ်
~ စဉ်းစားကြည့်ပါ တော်တော်အလုပ်ရှုပ်မယ့် ကိစ္စကြီးပါ .. အဲဒါမျိုးဆို -ing ပေါင်းလို့ ရပြန်ပါတယ် ၊ ဒီအဓိပ္ပါယ်ကျတော့ -ing ပေါင်းထားတဲ့ပုံစံနဲ့သာ အသုံးများတယ်လို့ ဆိုပြန်ပါတယ်
……………..
နမူနာလေးတွေ ပေးတာပါ ၊ ဒီ see တစ်လုံးတည်းမှာပဲ .. Action verb ဖြစ်လိုက် ၊ State verb ဖြစ်လိုက်နဲ့ နောက်ထပ် အဓိပ္ပါယ်တွေ အများကြီး ရှိပါသေးတယ် .. ဒီလိုမျိုး တခြားစာလုံးလေးတွေကို ဆက်သွားလိုက်ချင်ပါတယ်..
မှာချင်တာက ..
~ continuous, non continuous နှစ်မျိုးရတဲ့ verb တွေ ရှိပါတယ်
~ တစ်မျိုးကိုသိပြီး အဲဒီ တစ်မျိုးကို အသေမမှတ်ပါနဲ့ ( ဥပမာ see ကို -ing ပေါင်းလို့မရဘူးလေ..လို့သွားပြောနေမိမှာစိုးလို့ပါ)
~ သံသယရှိလျှင် အဘိဓါန်ကို ကြည့်ပြီးစစ်ပါ ..
..
ဒီနေ့တော့ ရေးသူကိုယ်တိုင်လည်း ချာချာလည်သွားလို့ နားလိုက်ပါပြီ ၊ တခြားစကားလုံးတွေ ဆက်ရေးတင်ပါမယ် ..
..
မေတ္တာဖြင့် <3
Tuesday, February 7, 2017
Continuous နှင့် non continuous နှစ်မျိုးသုံးလို့ရသော mixed verbs များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment