Thursday, March 16, 2017

မီဒီယာသမားဆိုတာ

မီဒီယာသမားဆိုတာ
=======================
ဒို့ ကျောင်းဒကာကြီး ဦးကျော်လို သဒ္ဓါတရားခိုင်မာတဲ့ ပုဂ္ဂိုလ်က အင်မတန်ရှားတယ်။
များသောအားဖြင့် သံဃာတွေအပေါ် အပြစ်မြင်တဲ့ ဒကာဒကာမက များနေတယ်၊
အထူးအားဖြင့် မင်းတို့ သတင်းထောက်၊ အဲဒီသတင်းထောက်က သံဃာတွေအပေါ်မှာ ပိုပြီးတော့ အပြစ်မြင်တယ်။

အရင်တုန်းက ထွန်းနေ့စဉ်သတင်းစာ-ဆိုတာ ရှိတယ်၊ ဦးထွန်းဖေ ပထမ သူ ၀န်ကြီးဖြစ်တယ်ပေါ့၊

“ တိုင်းပြည်က မဖွံ့ဖြိုးသေးဘူး၊ သာသနာရေးမှာ ဒီလောက်ထိအောင် ငွေကုန်ကြေးကျ ခံပြီးတော့ မသုံးထိုက်ဘူး”လို့ တားမြစ်တာ၊ မရတော့ သူက ၀န်ကြီးအဖြစ်က နှုတ်ထွက်လိုက်တယ်၊ နှုတ်ထွက်ပြီးတော့ ထွန်းနေ့စဉ် သတင်းစာဆိုပြီး သတင်းစာ ထုတ်ဝေတယ်၊ အဲ သူကိုယ်တိုင်ပဲ သတင်းထောက် လုပ်တယ်ကိုး။ နောက် အသက်(၈၀)ကျော် သေခါနီးတော့ အဲဒီ ဦးထွန်းဖေက ပြောတယ်တဲ့ - ”ကျွန်တော်တို့ ဘုန်းကြီးတွေနဲ့ ပတ်သတ်ပြီးတော့ အမြင်မကြည်လင်တာ အတော်မှားတယ်၊ ကျွန်တော်တို့က သတင်းထောက်ဆိုတော့ မကောင်းတဲ့ ဘုန်းကြီးပဲ လိုက်ပြီးတော့ သတင်းထောက်တယ်၊

အဲ သံဃာတထောင်မှာ မကောင်းတဲ့ ဘုန်းကြီးက (၁၀)ပါး (၁၅)ပါး၊ ဒီလောက်ရှိမှာ၊
အဲဒီ (၁၀)ပါး (၁၅)ပါးရဲ့ မကောင်းသတင်းကိုသာ ကျွန်တော်တို့က သတင်းစာထဲ ထည့်တယ်၊ ကျန်တဲ့ ရာပေါင်းများစွာရဲ့ ကောင်းတာလုပ်နေတဲ့ သတင်းကျတော့ ကျွန်တော်တို့ မရေးဘူး၊ အဲဒီလို မကောင်းတဲ့ ဦးဇင်းတွေကိုသာ လိုက်ကြည့်ပြီး သတင်းထောက် နေတော့ ဘုန်းကြီးတွေ အပေါ်မှာ ကြည်ညိုလို့ မရဘူးဖြစ်သွားတယ်တဲ့၊

တကယ်က ကြည်ညိုလို့ မရလောက်အောင် ဆိုးသွမ်းတဲ့ ဦးဇင်းက အရေအတွက် နဲနဲလေးရှိတာ၊ တကယ်ကြည်ညိုဖွယ်ကောင်းတဲ့ ဘုန်းကြီးတွေ အများကြီးရှိသေးတယ်၊ အဲဒါကို သူတို့ မမြင်ဘူး” လို့ အသက် (၈၀)ကျော်တော့ အဲသလို သူ့တပည့်တွေကို ပြောခဲ့တယ်တဲ့၊

အဲဒါ မှတ်ထား။

အေး သူက အသက်(၈၀)ကျော်မှ သံဝေဂရတော့ ဒါကလဲပဲ မင်း သဘာဝတော့ မကျပါဘူး၊ ငယ်ရွယ်စဉ်ကတည်းကိုက ကောင်းတဲ့ ဘုန်းကြီးတွေလဲ အများကြီးရှိတယ်လို့ အဲဒီလို အမြင်ကြည်လင်ရင် ကောင်းမယ်၊ အခုတော့ မကောင်းတဲ့ ဘုန်းကြီးတွေ လေးငါးပါး အကြောင်း သတင်းစာထဲ ပုံကြီးချဲ့ရေး အဲသလို။

သဒ္ဓါတရား ခိုင်မာတဲ့ ပုဂ္ဂိုလ်က အတော်လေးနည်းတယ်။ ဒါကြောင့် သဒ္ဓါတရား မခိုင်မာတဲ့ ပုဂ္ဂိုလ်တွေက များနေတဲ့အတွက် မင်းတို့ကို မဟုတ်တဲ့ အလုပ်တွေ မလုပ်နဲ့လို့ တားမြစ်နေရတယ်။

====================
ကျေးဇူးတော်ရှင်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ်၊ ရတနာပုံနေပြည်တော်၊ မန္တလေး

No comments:

Post a Comment